ဒီ post အတွက် ကျနော်ရေးမယ့်အကြောင်းအရာလေးက
မူရင်း အင်္ဂလိပ်သဒ္ဒါစာအုပ်တွေထဲက ဘာသာပြန်ဆိုတင်ပြနေတဲ့ အခန်းဆက်သင်ခန်းစာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အင်္ဂလိပ်စာလေ့လာ လိုက်စားသူတို့အတွက် အကျိုးမယုတ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။
ရှေ့ပိုင်း post တွေတင်ခဲ့ပါတယ်။ မူရင်းစာအုပ်တွေထဲက အကြောင်းတွေကို မိတ်ဆွေတို့အတွက်
အဆင်ပြေနိုင်ဖို့ တတ်နိုင်သလောက် ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အကြောင်းအရာမှာတော့
ကျနော့်အာဘော် သက်သက်သာဖြစ်ပါတယ်ခင်ဗျား။
ပြီးတော့ ဒီအကြောင်းအရာလေးကို
အရင်မရေးလိုက်ရတာက
လေ့လာသူအားလုံးကိုလည်း အခြေခံသဒ္ဒါအဆင့်လောက်တော့ တော်တော်လေး တီးမိခေါက်မိလောက်ပြီ ထင်လို့လေ။ ဒါကြောင့် ဒီ post ဟာ အင်္ဂလိပ်သဒ္ဒါကို လေ့လာခါစ ညီငယ်၊ ညီမငယ်တို့အတွက် အဓိကရည်ရွယ်ပါတယ်။
လေ့လာသူအားလုံးကိုလည်း အခြေခံသဒ္ဒါအဆင့်လောက်တော့ တော်တော်လေး တီးမိခေါက်မိလောက်ပြီ ထင်လို့လေ။ ဒါကြောင့် ဒီ post ဟာ အင်္ဂလိပ်သဒ္ဒါကို လေ့လာခါစ ညီငယ်၊ ညီမငယ်တို့အတွက် အဓိကရည်ရွယ်ပါတယ်။
ကျနော်တို့အားလုံးဟာ မြန်မာလူမျိုးတွေ
(သို့မဟုတ်)မြန်မာစကားကို နားလည်ပြီးသား လူမျိုးတွေ ဖြစ်နေတော့ အင်္ဂလိပ်စာကို လေ့လာဖို့
မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ ၊မြန်မာသဒ္ဒါနဲ့ပဲ ချဉ်းကပ်ကြရမယ် လို့ထင်တယ်။ ကျောင်းသင်ခန်းစာမှာ
မြန်မာသဒ္ဒါကို ၅တန်းလောက်ကစပြီး သင်ကြရပါတယ်။ မြန်မာသဒ္ဒါကို စတင်ပြုစုခဲ့တဲ့ ဆရာကြီးဦးဖေမောင်တင်
ကိုယ်တိုင်ကိုက အင်္ဂလိပ်သဒ္ဒါစာအုပ်တွေကို တိုက်ရိုက်ဘာသာပြန်ဆိုပြီး မြန်မာမှုပြုထားလေသလားလို့တောင်
ကျနော် ယူဆကြည့်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ တစ်ထပ်တည်းကျနေလို့လေ။ အခုလို
ရေးလိုက်တာ ဆရာကြီးကို စော်ကားတာ မဟုတ်ပါဘူး။ ကျေးဇူးတင်လွန်းလို့ကို ရေးလိုက်တာပါ။
ဆရာကြီး ဒီလိုပြုစုခဲ့လို့သာ အင်္ဂလိပ်စာကို လေ့လာချဉ်းကပ်ရတာ ကျနော်တို့အတွက် လွယ်ကူနေတာပါ။
မြန်မာသဒ္ဒါကို ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဆရာတော်ဘုရားတို့(ကျနော် fan မိတ်ဆွေတွေ
အနေနဲ့လည်း ဆရာတော်တွေ ပါဝင်တာ တွေ့ရပါတယ်) အင်္ဂလိပ်စာကို ချဉ်းကပ်ဖို့ အင်မတန်လွယ်ကူနေတယ်ဆိုတာ
သက်သေပါပဲ။
ဒါကြောင့် မြန်မာသဒ္ဒါရဲ့
ဝါကျတည်ဆောက်ပုံတွေကို အရင်လေ့လာကြည့်ပါ။ အင်္ဂလိပ်သဒ္ဒါနဲ့ မြန်မာသဒ္ဒါတို့ရဲ့ ရှေ့နောက်အထားအသို
ကွဲလွဲချက်ကလေးတွေကို နှိုင်းယှဉ်ကြည့်ပြီး လေ့လာမှတ်သားပါ။ မြန်မာဘာသာစကားဟာ တခြားဘာသာစကားတွေထက်
ပိုပြီး ဝေါဟာရ ကြွယ်ဝလောက်တယ် လို့ ရှေ့ပိုင်း post တစ်ခုမှာ ပြောခဲ့တယ်။ မြန်မာစကားဟာ
အလင်္ကာအဖွဲ့အနွဲ့တွေများတယ်။ ပါဠိသက်စကားတွေများတယ်။ ဝါကျမှာ နောက်ဆက်တွေကို ဖြုတ်ပြော
မြှုပ်ပြောတာတွေများတယ်။
ဥပမာအနေနဲ့ နောက်ဆက်တွေ ဖြုတ်ပြောတာကို
ရေးပြချင်ပါတယ်။ "ကျနော် ထမင်း စားမယ်"ဆိုတဲ့ စာကြောင်းတစ်ခုကို ကတ္တားနောက်ဆက်၊
ကံနောက်ဆက်တွေ မဖြုတ်ဘဲ အပြည့်အစုံပြောမယ်ဆိုရင် "ကျနော်သည်/က ထမင်းကို စားမယ်"
လို့ ပြောရမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအတိုင်းပြောလိုက်ရင် နားထောင်ရတာ၊ ပြောရတာ ထောင့်နေတယ်လေ။
ဒါကြောင့် သည်/က ၊ကို/အား ဆိုတဲ့ ကတ္တားနောက်ဆက်၊ ကံနောက်ဆက်တွေကို စာကြောင်းဝါကျတွေမှာ
ဖြုတ်ပြီး မြှုပ်ပြီး ပြောကြတယ်။ အဲဒီ မြန်မာစကားအသုံးအနှုန်းလေးတွေကို သေချာလေ့လာပြီး
အင်္ဂလိပ်စာကို ဘယ်လိုကူးပြောင်းသွားသလဲ၊ ရှေ့နောက်အထားအသိုလေးတွေ ဘယ်လိုပြောင်းလဲသွားတာလဲဆိုတာကို
သဘောပေါက်အောင် ချဉ်းကပ်ကြည့်ပါ။
နောက်ထပ်ပြောချင်တာက
မြန်မာစကားမှာပဲဖြစ်ဖြစ် ဘယ်ဘာသာစကားမှာပဲဖြစ်ဖြစ် ပြောလိုက်တဲ့၊ ရေးလိုက်တဲ့ စာကြောင်းတစ်ခု(ရှည်ချင်ရှည်မယ်၊
တိုချင်တိုမယ်)မှာ အဓိကကြိယာကို ရှာနိုင်ရမယ်။ ဒါမှသာ ဘာဆိုလိုတယ်ဆိုတာကို အဓိပ္ပါယ်ပြန်ဆိုလို့ရမှာ။
မရှာနိုင်ရင်တော့ ဘာဆိုလိုမှန်းကို သိမှာမဟုတ်ဘူး။ ဥပမာရေးပြမယ်ဗျာ။ "ငါမနေ့က
မင်းဆီလာတုန်း လမ်းမှာ သူနဲ့တွေ့တော့ လက်ဖက်ရည်ဆိုင်နားမှာ ဈေးရောင်း ရောင်းနေတဲ့ အရပ်ပုပု၊
ဆံပင်ရှည်ရှည်နဲ့ ဖိုးခွေးတို့အကြောင်းသိရပြီး စိတ်မကောင်းဖြစ်လွန်းလို့ သူသွားခဲ့ပါတယ်ဆိုတဲ့
ဇီဇဝါလမ်းထိပ်က အရက်ဆိုင်မှာ ဝင်_____ခဲ့တယ်။ (အဓိကကြိယာပျောက်နေရင် ဘာဆိုလိုမှန်းမသိဘူးဆိုတာ
မြင်သာအောင်မို့ ရေးပြတာနော်…လေရှည်နေတယ်လို့ မထင်လိုက်ကြပါနဲ့..မိတ်ဆွေတို့) ကွက်လပ်ဖြစ်နေတဲ့
အဓိကကြိယာဟာ သောက် လည်းဖြစ်နိုင်တယ်၊ ရိုက်ခဲ့တာလည်းဖြစ်နိုင်တယ်၊ ကျန်ဆီလျော်တဲ့ကြိယာတွေလည်း
ဖြစ်နိုင်သေးတယ်။ ဒါကြောင့် စာကြောင်းဝါကျ တစ်ခုရဲ့ ဆိုလိုရင်းကို နားလည်ဖို့ အဓိကကြိယာကို
ရှာရမယ်လို့ ပြောတာ။
မြန်မာစာမှာတော့
ကိုယ့်မိခင်ဘာသာစကားဖြစ်တဲ့အပြင် အဓိကကြိယာဟာ ဝါကျရဲ့နောက်ဆုံးကနေပြီး သည်/၏/တယ်/ပြီ/မယ်
စတဲ့ ကြိယာနောက်ဆက်နဲ့ ပိတ်လိုက်တာကို သိနေလို့ အဓိကကြိယာရှာဖို့ သိပ်အကြောင်းမဟုတ်လှဘူး။
phrase တွေ၊ clause တွေနဲ့ modify လုပ်ထားတဲ့ အင်္ဂလိပ်စာ sentence ရှည်ကြီးတွေကို တွေ့ရတဲ့အခါမှာတော့
Main Verb မရှာနိုင်ရင် ဘာဆိုလိုမှန်း မသိနိုင်လို့ ပြဿနာတက်တော့တာပဲ။ ဒါကြောင့် ညီငယ်၊
ညီမငယ်တို့ကို မှာချင်တာက Modified Verb တွေနဲ့ Main Verb တွေရဲ့ ကွဲပြားခြားနားတဲ့ပုံစံကို
နှိုင်းယှဉ်လေ့လာထားရင် sentence ရှည်ရှည်၊ တိုတို ကြောက်စရာမလိုဘဲ ဘာသာပြန်ဆိုနိုင်ပါလိမ့်မယ်။
ယေဘူယျအနေနဲ့တော့
အင်္ဂလိပ်စာမှာ Main Verb သည် Subject နောက်မှာ ကပ်လျက်လိုက်ပါတယ်။ Frequency preverb
လိုမျိုး Subject နဲ့ Main Verb ကြားမှာ ဖော်ပြတာမျိုးတွေလည်း တွေ့ရနိုင်ပါသေးတယ်။
သင်ယူလေ့လာရင်း Main Verb ကို ကောင်းကောင်းရှာနိုင်သွားပါလိမ့်မယ်။ အဲဒီလို Main
Verb ကိုရှာနိုင်သွားရင် ဘယ်လောက်ရှည်တဲ့ Sentence ကြီးပဲဖြစ်နေနေ ဘာသာပြန်ဆိုနိုင်ပါလိမ့်မယ်။
Main Verb မရှာနိုင်လို့ကတော့ Dictionary စာအုပ်ကြီးတစ်အုပ်လုံး အာဂုံဆောင်ထားလည်း
အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ဘယ်လောက်ပဲများပြားတဲ့
စကားလုံးတွေရှိနေပါစေ..သဒ္ဒါနည်းနဲ့(အင်္ဂလိပ်စာရော မြန်မာစာမှာပါ) စာရင်းချုပ်အုပ်စုခွဲလိုက်ရင်
အဓိကအုပ်စုကြီး ၈ခုပဲရှိပါတယ်။ Eight parts of Speech ဆိုတဲ့ စကားစပ် ၈မျိုးပါပဲ။ အဲဒီအုပ်စု
၈ခုထဲက စကားလုံးတွေကို ဝါကျတွင် မှန်ကန်သင့်တော်တဲ့ နေရာတွေမှာ ထားသိုအသုံးပြုနိုင်ခြင်း
အတတ်ပညာဟာ Grammar(သဒ္ဒါ)ပါပဲ။
အင်္ဂလိပ်စာအားနည်းကြတယ်ဆိုတာကိုက
ကိုယ့်မြန်မာစကားအသုံးအနှုန်းကို ကျွမ်းကျင်မပိုင်နိုင်လို့ လို့ကျနော်တော့ ယူဆတယ်။
သင်ကြားပြသပေးတဲ့ဆရာကလည်း ဘာသာစကား အကူးအပြောင်းလေးကို မြင်အောင်မပြနိုင်တာဟာလည်း အဓိကအခန်းကဏ္ဍက
ပါဝင်နေတယ်။ သာဓကတစ်ခုကို ထုတ်နှုတ်ပြရရင် ကျောင်းသားတွေကို ဆရာက ကြိယာဝိသေသနတစ်ခုကို
သင်လိုက်တယ်။ Go quickly. ဆိုပါစို့။
quickly ရဲ့ အဓိပ္ပါယ်ကို လျင်မြန်စွာ လို့ပဲ ဆရာကသင်နေတယ်။ စာအလိုအရသာ "လျင်မြန်စွာ
သွားပါ" လို့ရေးတာကိုး။ စကားပြောရာမှာကျတော့ "မြန်မြန်သွား၊ အမြန်သွား၊ အလျင်အမြန်သွား၊
လျင်လျင်မြန်မြန်သွား၊ သွက်သွက်သွား" လို့ပဲ ပြောကြရတာလေ။ စာလိုကြီးပြောမနေဘူး။
ဆရာလုပ်သူက စကားအသုံးတွေမှာ "ဒီလိုသုံးတယ်ဟေ့" ဆိုပြီး ကျောင်းသားတွေကို
သဘောပေါက်လာအောင်၊ ဘာသာစကားနှစ်ခုကို ယှဉ်တွဲနားလည်တတ်လာအောင် သင်ကြားကြရမယ်။
ချဉ်းကပ်နည်းမှန်ရင် ၄တန်းကျောင်းသားကို
၈တန်း၊၉တန်း အင်္ဂလိပ်စာအထိ နားလည်လာအောင် သင်လို့ရပါတယ်။ ကျနော်ကိုယ်တိုင် ကျနော့်ဖခင်ရဲ့
အဲဒီလို သင်ကြားမှုကို ခံခဲ့ရပါတယ်။ အခုလိုပြောနေတာ ကိုယ်ရည်သွေးချင်လို့ မဟုတ်ပါဘူး။
သင်တဲ့ဆရာကသာ နည်းမှန်လမ်းမှန် ချဉ်းကပ်သင်ကြားတတ်ရင် ကျောင်းသားက တတ်သိနားလည်နိုင်ပါတယ်ဆိုတာ
ပေါ်လွင်စေချင်လို့ပါ။ နောက်တစ်ချက်က သင်ကြားပြသပေးခဲ့သော ဖခင်ရဲ့ကျေးဇူးကို အောက်မေ့သတိရရင်း
အခုလို ရေးသားဖော်ပြလိုက်ရတာပါ။
ဒီ
post ကို အနှစ်ချုပ်ရရင် (ချုပ်လည်း ချုပ်မှပဲဗျို့…နောက်မို့ဆို ဘယ်လောက်ထိ ရေးစရာတွေ
ထွက်လာအုံးမယ် မသိဘူး) မိတ်ဆွေတို့ကို တစ်ခုလောက်ပြောချင်တယ်။ သင်ပေးတယ် ဆိုတာ ကိုယ်က
ကျောင်းဆရာဖြစ်မှ သင်ပေးရတာ မဟုတ်ဘူးနော်။ နောင်တစ်ချိန် ကိုယ်မိဘဖြစ်လာတဲ့ အခါ သားသမီးကို သင်ပေးဖို့ရာ ဧကန် လိုအပ်လာမှာပဲ။
ဒါကြောင့်
အင်္ဂလိပ်စာကို ပြန်လည်သင်ကြားပြသရာမှာ
၁။မြန်မာစာ၊မြန်မာစကားနဲ့ ချဉ်းကပ်သင်ကြားပါ။
၂။ခြုံမိ ငုံမိအောင် ပိုက်ကွန်ယက်သဖွယ် သင်ကြားပါ။
၃။Analytical Teaching Method ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ သင်ကြားနည်းကို
အသုံးပြုပါလို့ အကြံပြုရင်း ကျနော်လည်း အထက်ပါ နည်းစနစ်တွေကို အခြေပြုပြီး အတတ်နိုင်ဆုံး
ကြိုးစားရေးသားသွားပါ့မယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ…..
စိုင်းလေး
ကျနော့်ရဲ့ Facebook Page လေးမှာ တင်လိုက်တဲ့အကြောင်းအရာလေးကို Blog မှာ ပြန်တင်လိုက်တာပါ။
Facebook သုံးရင်း လေ့လာချင်ရင်
No comments:
Post a Comment